Friday, November 11, 2011

ရုရှားမှ မြန်မာကျောင်းသားများ အဆောင်မှာ စည်းမဲ့ကမ်းမဲ့ နေသည် ဆိုသည့် သတင်း မမှန်ဟုဆို

ရုရှားနိုင်ငံတွင် ပညာသင်ကြားနေသော ပညာတော်သင် ကျောင်းသားများ စည်းမဲ့၊ ကမ်းမဲ့ စည်းပျက်၊ ကမ်းပျက် နေထိုင်မှုကြောင့် အဆောင်မှ ထွက်ပေးရန် တောင်းဆိုခံရတယ် ဆိုတဲ့ သတင်းဟာ လုံးဝ မဖြစ်နိုင်ကြောင်း ရုရှားနိုင်ငံကို ကိုယ်တိုင်သွားရောက်ကာ ပညာတော်သင်ကျောင်းသားများနေတဲ့ အဆောင်မှာ အချိန်အတော်ကြာ နေခဲ့ဖူးတဲ့ နော်ဝေနိုင်ငံမှ အမည်မဖော်လိုသူ အမျိုးသမီးငယ် တစ်ဦးက ပြောကြားလိုက်ပါတယ်။ သူမဟာ ရုရှားနိုင်ငံကို လွန်ခဲ့တဲ့ ၂ နှစ်လောက်က သွားရောက်ခဲ့ပြီး ပညာတော်သင်ကျောင်းသားတွေနေတဲ့ အဆောင်က အခန်းမှာပဲ တစ်လနီးပါး နေခဲ့သူဖြစ်ပါတယ်။

"ဒီသတင်းက ထုံးစံအတိုင်း ကောလဟာလဖြစ်ပါလိမ့်မယ်။ ကျွန်မကိုယ်တိုင်ရုရှားကိုရောက်ဖူးပါတယ်၊ အဲဒီအဆောင်တွေပေါ်မှာနေဖူးပါတယ် မြန်မာကျောင်းသားတွေ အဆောင်မှာ စည်းမဲ့ကမ်းမဲ့ နေကြတယ်ဆိုတာ လုံးဝ မဟုတ်ပါဘူးရှင်... အားလုံးက ကိုယ့်အလုပ်ကိုယ်လုပ်ပြီး စည်းကမ်းရှိရှိ ချစ်ချစ်ခင်ခင်နေကြတာ ကျွန်မ မျက်မြင်ပါပဲ.."

လို့ သူမက ပြောပါတယ်။

ရုရှားနိုင်ငံကို ပညာတော်သင် သွားရောက်နေသော မြန်မာကျောင်းသား တစ်ဦးကို မေးကြည့်ချိန်မှာတော့.. ပညာမဲ့ အတိုက်အခံ မီဒီယာတွေရဲ့ ထုံးစံအတိုင်း မနာလိုဝန်တိုမှုတွေကြောင့် သက်သက်အသရေဖျက်ခြင်းသာ ဖြစ်ကြောင်း.. အခုလို ပြောပါတယ်။

"ဒါက ဒီနေ့ ပညာမဲ့အတိုက်အခံတွေ အမြဲလုပ်နေကြ အလုပ်ပါ။ အရင်တုန်းကလည်း ဒီလို အဓိပ္ပါယ်မရှိတဲ့ စွပ်စွဲချက်တွေ စွပ်စွဲကြဖူးပါတယ်။" လို့ ပြောပါတယ်။

ဒါ့အပြင် အဲဒီ ပညာတော်သင်ကပဲ အရင်တုန်းက တပ်မတော်က နိုင်ငံ့ဦးသျှောင်ဖြစ်နေချိန်မှာ နိုင်ငံရေးမှာလည်းဘာမှမပတ်သက်မှုမရှိပဲ ကိုယ့်ဘာကိုယ်အေးအေးဆေးဆေး ပညာသင်ယူနေတဲ့ ရုရှားက ပညာတော်သင်တွေကို ပုတ်ခက်ရေးသားတာကို နားလည်နိုင်ပေမယ့် အခုအချိန်မှာ တပ်မတော်ကလည်း သူ့လမ်းသူလျှောက်နေချိန်ဖြစ်ပြီး ရုရှားက ပညာတော်သင်တွေကလည်း နိုင်ငံအတွက် အဆင့်မြင့် ပညာတွေကို သင်ယူနေတာကလွဲပြီး ဘယ်ထဲမှ ဝင်မပါတာကြောင့် အခုချိန်ထိ လိုက်ပြီး အသရေဖျက်နေတာကို နားမလည်နိုင်ကြောင်းလည်း ပြောပါတယ်။

အမျိုသမီးဝတ်စုံတွေနဲ့ ဝတ်စားတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့လည်း

"မြန်မာအမျိုးသမီးတွေ အများကြီးရှိတဲ့ နိုင်ငံတွေမှာတောင် အမျိုးသမီးအဝတ်အစား ဝတ်ပြီး ပျော်ပွဲရွှင်ပွဲတွေ လုပ်တာမျိုးတွေ ရှိနေတာပဲ... ရုရှားနိုင်ငံမှာ မြန်မာအမျိုးသမီး ပညာတော်သင်မှ မရှိတာ.. ဒါမျိုးက မထူးဆန်းပါဘူး..." လို့ ပြောပါတယ်။
မြန်မာမိန်းခလေးတွေ အများကြီးရှိနေတဲ့ ထိုင်းနိုင်ငံမှာတောင် ကပွဲမှာ ယောင်္ကျားက မိန်းမအဝတ်အစားဝတ်

အဆောင်စည်းကမ်းဖောက်မှုကြောင့် ရုရှားနဲ့ မြန်မာ ပြဿနာ တက်တာတွေ ရှိဖူးလားလို့ မေးချိန်မှာတော့

"ဟိုးအရင် အပတ်စဉ်တွေတုန်းကတော့ ရှိခဲ့ပါတယ်... မြန်မာတွေကလည်း ရုရှားတွေရဲ့ သဘာဝတွေကို ကောင်းကောင်းနားမလည်သေးချိန်နဲ့ ရုရှားတွေကလည်း မြန်မာတွေရဲ့ ထုံးစံတွေကို နားမလည်ချိန်မှာပေါ့... ဒါပေမယ့် နောက်ပိုင်းတော့ မရှိတော့ပါဘူး.... အခုဆိုရင်တော့ လုံးဝ မရှိသလောက်ပဲ... အခုမှ ရုရှားကို စလွှတ်တာမှ မဟုတ်တာ.. ကြာနေပြီလေ.. သူတို့ပြောသလို အဆောင်ကထွက်ပေးဖို့ တောင်းဆိုခံရမယ်ဆိုရင် ပထမဆုံး အသုတ်ကတည်းက ဖြစ်သင့်တာပေါ့... အခုတော့ ဟာသကြီးဖြစ်နေတယ်..." လို့ ပြောပါတယ်။

သံရုံးကနေ သတိပေးတာတွေ ဘာတွေ ရှိသလားလို့ မေးချိန်မှာတော့

"ဒီနိုင်ငံမှာက စင်္ကာပူတို့၊ မလေးရှားတို့လို တခြားနိုင်ငံတွေနဲ့ မတူဘူးဗျ။ ဒီမှာက ကျွန်တော်တို့ ပညာတော်သင် ကျောင်းသားတွေနဲ့ သံရုံးကလွဲရင် မြန်မာမရှိဘူး... ပြီးတော့ ရောက်လာတဲ့ ကျောင်းသားတွေကလည်း ၃ ၊ ၄ နှစ်နေမှ ပြန်ရတာဆိုတော့ သံရုံးက လူကြီးတွေကပဲ မိဘလို၊ ဆရာလို သွန်သင်စောင့်ရှောက်လာတာဆိုတော့ တွေ့တိုင်း လိမ်လိမ်မာမာနေကြဖို့၊ စာကြိုးစားကြဖို့၊ စည်းကမ်းလိုက်နာကြဖို့၊ မျိုးချစ်စိတ်ရှိကြဖို့ အမြဲပြောတယ်ဗျ... ဒါက ရေးကြီးခွင့်ကျယ် လုပ်ရလောက်အောင်လည်း မဟုတ်ပါဘူး..." လို့ ပြောပါတယ်။ ဒါ့အပြင် သူကပဲ သူတို့အဆောင်မှာ တက်ခဲ့ဖူးတဲ့ ပြဿနာတစ်ခုကို အခုလိုပြောပြပါတယ်။

"တစ်ခါတုန်းကတော့ အဆောင်ဒါရိုက်တာ ရုရှားနဲ့ မြန်မာကျောင်းသားတစ်ချို့ အဆောင်စည်းကမ်းဖောက်ဖျက်လို့ ဆိုပြီး ပြဿနာ တက်ဖူးတယ်ဗျ... အဲဒီ မြန်မာကျောင်းသားဆီကို တခြားနိုင်ငံက မြန်မာမ တစ်ယောက်ရောက်တာတုန်းကပါ... အဲဒီ မိန်းခလေးက အတိုက်အခံထဲကပဲထင်တယ်... သူလာတုန်းက ငပိတွေ ဘာတွေ ယူလာပြီး ချက်စားတော့ ပြဿနာတက်တာပဲ... ဒါမျိုးပြဿနာက တခြားနိုင်ငံက မြန်မာတွေလည်း မကြာခဏ ဖြစ်တတ်တဲ့ ပြဿနာပါ... ရုရှားမှာတော့ ငပိ ကို ဝယ်လို့ မရဘူး.. တခြားနိုင်ငံတွေလို မြန်မာဆိုင်၊ ကုလားဆိုင်လည်း မရှိဘူးဆိုတော... အဆောင်မှာ ပြဿနာ တက်စရာ ခေါင်းစဉ်ကို မရှိဘူးဖြစ်နေတယ်..." လို့ အဲဒီ ပညာတော်သင် ကပဲ ဆက်ပြောပါတယ်။

ရုရှားရောက် ပညာတော်သင် ကျောင်းသားအားလုံးဟာ စည်းကမ်းပြည့်ဝတဲ့ လေ့ကျင့်မှု အောက်ကနေ ကြီးပြင်းလာခဲ့တာကြောင့် စည်းမဲ့ကမ်းမဲ့ဘယ်တော့မှ မနေကြကြောင်းနဲ့ ဒီမိုဝေယံနှင့်
အင်တာနက်ပေါ်မှာ ရုရှားက ပညာတော်သင်တွေကို မနာလိုမရှုစိတ်ဖြစ်နေကြတဲ့ တခြားအတိုက်အခံတွေအနေနဲ့ အနာဂတ်နိုင်ငံတော်အတွက် အရေးပါတဲ့ အဆင့်မြင့်ပညာတွေကို သင်ကြားနေတဲ့ ပညာတော်သင်တွေကို ဝေဖန်ပုတ်ခက်မယ့် အစား ကိုယ်တိုင် အတက်ပညာ တစ်ခုခု စည်းပူးနေသင့်ကြောင်းလည်း မှာကြားသွားပါတယ်။

ပြီခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ဒီမိုဝေယံဘလော့မှာ ဦးကျော်ဆန်းနဲ့ ဝန်ကြီး ၅ ဦး ပြုတ်တယ်လို့လည်း မကြာခင်က မဟုတ်မမှန် သတင်းရေးခဲ့တာကြောင့် လူအများက တင်းမာမှုတွေ ရှိခဲ့ပါတယ်။


( http://myanmarexpress.blogspot.com/ မှကူးယူဖော်ပြသည်။)

Tuesday, November 8, 2011

အမြဲတမ်းမှားနေတဲ့ အင်တာနက်ပေါ်မှ အတိုက်ခံတို့ရဲ့ သတင်းများ


ဒီနေ့ မြန်မာနိုင်ငံက မနေ့က မြန်မာနိုင်ငံနဲ့ မတူသလို ဒီနှစ် မြန်မာနိုင်ငံက မနှစ်က မြန်မာနိုင်ငံနဲ့ မတူအောင် ပြောင်းလဲနေပါတယ်။ ဒေသတွင်းနိုင်ငံတွေသာမကပဲ ကုလသမ္မဂ္ဂ၊ အမေရိကန်၊ ဂျပန် နဲ့ တခြား အနောက်နိုင်ငံတွေကပါ လက်ခံလာတဲ့အထိ တိုးတက်မှုတွေ ရရှိနေပြီဖြစ်ပါတယ်။ အထူးသဖြင့် မီဒီယာ ပိုင်းမှာ လွတ်လပ်ခွင့်တွေ အများကြီးရခဲ့ပြီး အရင်းတုန်းက မပါတဲ့ စကားလုံးတွေ အခုတွေ့နေရပြီဖြစ်ကြောင်း မကြာခင်က ထောင်ကထွက်လာတဲ့ လူအများ ရှုံ့ချခြင်းခံနေရသော လူပျက် ဇာဂနာ ကတောင် ဝန်ခံခဲ့ပြီး ဖြစ်ပါတယ်။

အစိုးရဖက်က ပျောင်းလဲမှုတွေ ဘယ်လိုပဲလုပ်ဆောင်နေပေမယ့် မီဒီယာ သမားတွေကတော့ စိတ်ဓာတ်နဲ့ အကျင့်စရိုက်တွေ လုံးဝ ပြောင်းလဲ ခြင်းမရှိပါဘူး။ အထူးသဖြင့် ပြည်ပအခြေစိုက် အတိုက်အခံ မီဒီယာတွေနဲ့ facebook နဲ့ ဘလော့ တွေပေါ်က ဝါဒဖြန့်သမားတွေကတော့ ဘာပြောင်းလဲခြင်းမှ မရှိပဲ ထုံးစံအတိုင်း ကောလဟာလတွေ လွှင့်လို့ကောင်းတုန်း၊ သတင်း ထက် အတင်းတွေကို ပြောလို့ကောင်းတုန်းပါပဲ။

သတင်းမှားတွေ၊ ကောလဟာလတွေ အမြဲ လွှင့်နေမှုနဲ့ နာမည်ပျက်နေတဲ့ ဧရာဝတီ သတင်းဌာနက သူဘာသူနေတဲ့ အဆိုတော် မေဆွိ ကိုတောင် သေတယ်လို့ လွှင့်ခဲ့ဖူးပါဘယ်။ အခုတစ်ခါလည်း ဝန်ကြီး တွေ ပြုတ်ပါတယ်ဆိုပြီး သတင်းမှားတွေ ထပ်ပြီး လွှင့်ပြန်ပါတယ်။ ဧရာဝတီ သတင်းဌာန ကို ရပ်တည်နိုင်ဖို့ စာဖတ်ပရိတ်သပ်တွေဆီက အလှူခံထားရတာဖြစ်ပေမယ့်လည်း ဧရာဝတီ သတင်းဌာန အနေနဲ့ စာဖတ်သူတွေအပေါ်မှာ လေးစားမှု မရှိပါဘူး။ သတင်းရှာပါဆိုရင် facebook ပေါ်တက်ပြီး တွေ့သမျှ ဟာ ယူလာပြီး တင်နေသလို ပေးစာ တွေ၊ အစိုးရသတင်းစာထဲက စာတွေနဲ့ ဂျာနယ် ပေါင်းစုံက စာတွေပဲ ပြန်တင်နေတာ တွေ့ရပါတယ်။

ရလာတဲ့ သတင်းကို မှန်လား မှားလားလည်း သေချာ စိစစ်မှု မရှိပဲ ပရိတ်သက်တွေ ခေါင်းထဲကို ရောက်သွားမယ့် သတင်းကို ဖြစ်သလို ထုတ်လွှင့်နေတာ ကြာပြီဖြစ်ပါတယ်။

ဧရာဝတီ သတင်းဌာနရဲ့ အမြှော်အမြင်ကြီးမှုနဲ့ အမှားတွေကို ကြိုမြင်မှုကို ကျေးစေတမန်ဘလော့မှာ အခုလို ဖော်ပြထားပါတယ်။

" ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနဲ့ အစိုးရအဖွဲ့ ၀န်ကြီးတွေ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ မသန်စွမ်း အနုပညာရှင်အဖွဲ့ရဲ့ ဖျော်ဖြေ တင်ဆက်မှုကို ၁-၁-၂၀၁၁ရက်နေ့က ကြည့်ရှု အားပေးတဲ့ သတင်းကို ၂-၁၁-၂၀၁၁ ရက်နေ့ နိုင်ငံတော် အစိုးရက ထုတ်တဲ့ သတင်းစာတွေမှာ ဖော်ပြပေးခဲ့ပါတယ်။ အဲဒီသတင်းမှာ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးကျော်ဆန်း နိုင်ငံ့တာဝန်နဲ့ ဘရူနိုင်းဒါရူဆလမ် နိုင်ငံကို သွားရောက်နေလို့ ပြည်ထောင်စု ၀န်ကြီး ဦးကျော်ဆန်းရဲ့ နေရာမှာ ခေတ္တ တာဝန်ယူပေးထားတဲ့ နယ်စပ်ရေးရာ ၀န်ကြီးဌာနနဲ့ မြန်မာ့ စက်မှုဖွံ့ဖြိုးရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို ပြန်ကြားရေး ၀န်ကြီးဌာနနဲ့ ယဉ်ကျေးမှု ၀န်ကြီးဌာန ခေတ္တပြည်ထောင်စု ၀န်ကြီးလို့ ဖော်ပြ လိုက်တဲ့ သတင်းကို အမြဲတမ်း လိမ်လိုက်ရမှ ကျေနပ်ကြတဲ့ ပြည်သူကို လှည့်စားနေကြပုံစံအတိုင်း ဧရာဝတီ သတင်းဌာနနဲ့ ပြည်ပက သတင်းဌာနအချို့ ထင်ကြေးနဲ့ ရုတ်တန်း ရမ်းတုတ်ကြတော့တာပဲဗျာ။

သူတို့ရဲ လန်ကြုတ် ဇာတ်လမ်းကလည်း ရုပ်တည်ကြီးနဲ့ဗျ။ ဘာတဲ့ ပြန်ကြားရေးနဲ့ ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးကျော်ဆန်း ပြုတ်ပြီ၊ ဘယ်ပျောက်နေလဲ၊ ဘုန်းကြီးသွားဝတ်နေတယ် စတဲ့ မရေမရာ သတင်းတွေနဲ့ မီဒီယာ လောကတွင်း ဖွနည်းမျိုးစုံနဲ့ ဖွကြတာ တော်တော် ရီစရာကောင်းတယ်ဗျာ။ ဒီထက်ပိုဆိုးတဲ့ မဟုတ်မဟတ် လုပ်ဇာတ်ကို ထပ်ပြီး နောက်က လိုက်ခင်းကြသေးတယ်။ Facebook မှာ ပြန်ကြားရေးနဲ့ ယဉ်ကျေးမှု ၀န်ကြီးဌာန ၀န်ကြီး ဦးကျော်ဆန်း၊ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီး ဦးဇော်မင်း၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန ၀န်ကြီး ဦးဝင်းမြင့်၊ ဟိုတယ်ခရီးနှင့် အားကစား ၀န်ကြီးဌာန၀န်ကြီး ဦးတင့်ဆန်းနဲ့ ဦးကျော်စွာခိုင်တို့ ငါးဦး ပြုတ်ပြီး ဆိုတဲ့ သတင်းကို ခပ်တည်တည်နဲ့ နိုင်ငံတော်သမ္မတရုံးက လာတဲ့ သတင်းအရ သိရတယ်လေး ဘာလေးနဲ့ ကောလဟလ လုပ်ဇာတ်ခင်းကြသေးတယ်ဗျာ။"

လို့ ဖော်ပြထားတာတွေ့ရပါတယ်။ အင်တာနက်ခေတ်မှာ သတင်းတွေ မြန်မြန်ဆန်ဆန် ရပေမယ့်လည်း သတင်းတွေ က မမှန်တာတွေ များနေပါတယ်။ အတိုက်အခံဖက်မှ သတင်းတင်တဲ့လူတွေကလည်း နားစွန်နားဖျား ကြားတာကို အဟုတ်မှတ်တင်နေကြပြီး အဲဒီ ကိုယ်တင်ထားတဲ့ သတင်းအပေါ်မှာလည်း တာဝန်ယူမှု လုံးဝ မရှိကြဘူးလို့ သိရပါတယ်။ ကိုယ်တင်ထားတဲ့ သတင်း က မှားသွားရင်လည်း ပြန်လည် တောင်းပန်မှုမရှိပဲ ဖာသိဖာသာ နေနေတတ်ကြပါတယ်။ အတိုက်အခံဖက်မှာ နည်းလမ်းပေါင်းစုံနဲ့ လွှင့်နေသမျှ သတင်းတွေကို မှန်သင့်ကြောင်းနဲ့ သတင်းဖတ်သူတွေကို လေးစားသင့်ကြောင်းကို ဝါရင့်သတင်းစာ ဆရာကြီး တစ်ဦးက အခုလို ပြောပါတယ်။

"ဒီနေ့ ခေတ်က အင်တာနက် ခေတ်ဆိုတော့ သတင်းက အရမ်းမြန်တယ်၊ သတင်းမြန်တာ သိပ်ကောင်းပေမယ့် သတင်း မမှန်တာက သိပ်ဆိုးတယ်.... အထူးသဖြင့် အစိုးရအတိုက်အခံ သတင်းလွှင့်သူတွေရဲ့ သတင်းတွေကို လေ့လာကြည့်ချိန်မှာ သတင်း ၁၀ ခု မှာ ၉ ခု က အမှားတွေ ဖြစ်နေတယ်... ဒါက စာဖတ်သူတွေကို မလေးစားတာပဲ... သတင်းသမားဆိုတာ ဒီလိုမလုပ်ရဘူး... ကိုယ်တင်တဲ့သတင်းကို ၁၀၀% တာဝန်ယူရမယ်၊ ပြီးတော့ မှားသွားရင်လည်း ပြန်တောင်းပန်နိုင်ရမယ်... စာဖတ်တဲ့လူတွေကလည်း အတိုက်အခံ မီဒီယာ တွေရဲ့ အကျင့်ပျက်နေတာတွေ၊ မတရားသဖြင့် သတင်းမှားတွေ ထုတ်လွှင့်နေတာတွေကို ဒီတိုင်း ဆက်ပြီး လွှတ်မထားရဘူး... မတရားတာကို မတရားဘူးလို့ ပြောရဲရမယ်လို့ ဒေါ်အောင်ဆန်းစုကြည် လည်း ပြောဖူးတာပဲ... မဟုတ်ရင်မဟုတ်တဲ့အကြောင်း ပြောရဲရမယ်၊ အမှားတွေ ဆက်မလွှင့်ဖို့ ပြောရဲရမယ်... သတင်းဌာနတွေကလည်း ပိုက်ဆံရဖို့ ဆိုတာထက် ကိုယ့်အလုပ်ကို တန်ဖိုးထားရမယ်...." လို့ ပြောပါတယ်။

အတိုက်အခံသတင်းမီဒီယာတွေ အားလုံးဟာ အစိုးရသစ် မတိုင်ခင်ကတည်းက အစိုးထဲမှာ ပြိုကွဲနေကြောင်း၊ စစ်တပ်က ပြိုကွဲနေကြောင်း၊ ဦးမောင်အေး ကို ဦးသန်းရွှေ က အနားပေးလိုက်ကြောင်း၊ ဦးမောင်အေးက အာဏာသိမ်းတော့မည် ဖြစ်ကြောင်း အမျိုးမျိုး မဟုတ်တာတွေ အမြဲ လွှင့်ခဲ့ကြပါတယ်။ အခုအစိုးရသစ်လက်ထက်မှာလဲ အစိုးရအဖွဲ့မှာ သဘောထား တင်းမာသူတွေနဲ့ ပျော့ပြောင်းသူတွေ ဆိုပြီး နှစ်ဖွဲ့ကွဲနေကြာင်း သတင်းတွေကို အခြေအမြစ် တိတိကျကျ မရှိပဲ လွှင့်နေကြပြန်ပါတယ်။ ဒါပေမယ့် အတိုက်အခံ ပါတီပျက် တစ်ခုဖြစ်တဲ့ NLD ပါတီ တွင်းမှာ လောလောဆယ် မှတ်ပုံတင်လိုသူတွေနဲ့ မှတ်ပုံ မတင်လိုသူတွေ ဆိုပြီး လူသိရှင်ကြား မြိုင်မြိုင်စိုင်စိုင် နှစ်ခြမ်းကွဲနေတာကိုတော့ အကျယ်တဝင့် ဖော်ပြခြင်း မရှိကြပါဘူး။

NLD က ဒေါ်အောင်ဆန်းစုကြည် ပြန်ရောက်မလာခင်က မှတ်ပုံတင်လိုသူများနဲ့ မတင်လိုသူများ ဆိုပြီး နှစ်ခြမ်းကွဲခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဘိုးကြီး အဖွားကြီး အများစုက မှတ်ပုံမတင်လိုကြပဲ လူငယ်တွေက မှတ်ပုံတင်လိုကြကာ NLD က နေ ခွဲထွက်သွားကြပါတယ်။ အဲဒီချိန်တုန်းက ကျန်ခဲ့တဲ့ NLD တစ်ဖွဲ့သားလုံးက NDF နဲ့ ဦးခင်မောင်ဆွေ တို့ကို လွှတ်တော်ထဲမှာ ကြမ်းတိုက်မည့်သူတွေ၊ ရုပ်ရှင်ထဲမှာ နောက်က ဖြတ်လျှောက် သူတွေ ဆိုပြီး ကဲ့ရဲ့ လှောင်ပြောင်ခဲ့ကြပါတယ်။ အခုကျတော့လည်း NLD ကိုယ်တိုင် လွှတ်တော်ထဲမှာ ကြမ်းတိုက်ဖို့ ကို သဘောထားကွဲနေခဲ့ပြန်ပါတယ်။ ပြန်လာလာချင်းမှာ အမျိုးသား ရင်ကြားစေ့ရေး လို့ အော်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း အမျိုးသားကို ရင်ကြားမစေ့နိုင်ပဲ လောလောဆယ် သဘောထား ကွဲနေတဲ့ NLD ကို ရင်ကြားစေ့နေရပြန်ပါတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး အတိုက်အခံ မီဒီယာတွေဖက်က အကျယ်တဝင့် ဖော်ပြမှုတွေ မရှိခဲ့ပါဘူး။

ဒါ့အပြင် ပြီးခဲ့တဲ့ စနေနေ့က ABSDF ၂၃ နှစ် ပြည့်တာကို ဖော်ပြခဲ့ကြပေမယ့်၊ ABSDF နှစ်ခြမ်းကွဲခြင်းအကြောင်းတွေ၊ ဘာကြောင့် နှစ်ခြမ်းကွဲ ရခြင်းအကြောင်းတွေကို တော့ ထိန်ချန်ခဲ့ကြပါတယ်။

အဆိုးဆုံးကတော့ ဒီနေ့ ကြွချီလာတဲ့ မြန်မာလူမျိုးတို့ ကိုးကွယ်ရာ ဗုဒ္ဓမြတ်စွာ ရဲ့ စွယ်တော်မြတ် အကြောင်း သတင်း၊ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေအတွက် ၀မ်းမြောက်ဝမ်းသာစရာ သတင်းကို ဘယ်မှာမှ မဖော်ပြပဲ ရေငုံနှုတ်ပိတ်နေခဲ့ကြပါတယ်။

သတင်းဆိုပေမယ့်လည်း အစိုးရနဲ့ အစိုးရ အဖွဲ့ ရဲ့ ကောလဟာလတွေနဲ့ အတင်းတွေ၊ အစိုးရ အတိုက်အခံတွေရဲ့ ကိုယ်ရေးကိုယ်တာတွေကို လူအများက ပိုပြီး စိတ်ဝင်စားကြတာကြောင့် သတင့်ဖြန့်သူများအနေနဲ့ ပရိတ်သက်အကြိုက်ကိုလိုက်ကာ ဖြန့်ပေးနေရကြောင်းကို အခကြေးငွေယူကာ ဝါဒမှိုင်းတိုက် သတင်းဖြန့်ပေးနေသူ ဗမာ့သွေး က အခုလို ပြောပါတယ်

"ဒီနေ့ အင်တာနက် သုံးသူတွေက hot news ကို ပဲစိတ်ဝင်စားတာဗျ.. ဒီတော့ ကျွန်တော်တို့က ပရိတ်သက်အကြိုက်ကို သိရတယ်... ကိုယ်တိုင် သတင်းစုံစမ်းပြီး သတင်းဖြန့်တဲ့လူတော့ ဒီလောကမှာ တစ်ယောက်မှ မရှိဘူးပေါ့.. ဒီလိုပဲ ဟိုက ရေးထားတာ ပြန်ကူး၊ ဒီကရေးထားတာ ပြန်ကူး လုပ်ရတယ်... ပြီးတော့ အစိုးရမီဒီယာဆိုတာမျိုးက ဦးကျော်ဆန်း မျက်နှာလောက်ပဲ ကြည့်ရတာ ... ကျွန်တော်တို့က လူတကာမျက်နှာကို ကြည့်နေရ၊ ကြောက်နေရတာဗျ.... လွတ်လပ်စွာ ပြောဆိုခွင့်ဆိုပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်တဲ့ စကားလုံး တစ်လုံးနှစ်လုံးလောက် ပါသွားရင် ဖုန်းနံပတ်ပြော၊ လိပ်စာပြော လာသတ်မယ် ဆိုပြီး ချိန်းခြောက်တာတွေ ခံရတယ်... ဒီတော့ ကျွန်တော်တို့လည်း လွတ်လပ်စွာကွဲလွဲခွင့်အတွက်တော့ ကိုယ့်စီးပွားရေးကို အထိခိုက်မခံနိုင်သလို မိုက်ရူးရဲတွေကိုလည်း ကြောက်ရတယ်..." လို့ပြောပါတယ်။

ကျေးစေတမန် ဘလော့မှာတော့ "တော်တော်ကို ရီစရာကောင်းတဲ့ ဧရာဝတီ သတင်းဌာနနဲ့ ပြည်ပက ခေတ်သစ် သူတောင်းစားတွေလို့ ပြောရမှာပဲ။ လုပ်ကြံ လီစယ်စရာ သတင်းတွေ မျိုးစုံ ရှိပါတယ် ဒီလို မသေမချာ မရေမရာနဲ့ ကိုယ်ဖြစ်ချင်တဲ့ သတင်းကို အတင်းဇွတ် အမှန်လိုလုပ်ပြီး ဟိတ်ဟန် အပြည့်နဲ့ ပြည်သူကို သတင်းထူးတွေ သတင်းဦးတွေ ပေးနေသလို လုပ်နေတဲ့ ဧရာဝတီ သတင်းဌာနနဲ့ ပြည်ပက မြန်မာအစိုးရ မကောင်းကြောင်း တွင်တွင် အော်နေတဲ့ စိတ်ထားမှန်ဟာ ဒီလို အလိမ်ဇာတ်ကွက်ထွင် သမားတွေပါလားလို့ အခုသတင်းက သက်သေ ပြလိုက်တာ ဖြစ်ပါတယ်။ ဒီလိုပဲ ဧရာဝတီ သတင်းဌာန၊ ဒီမိုဝေယံ ဘလော့ဂ်နဲ့ အဲဒီလူစုက Account ဖွင့် သုံးစွဲနေတဲ့ Facebook တွေမှာ တောင်စဉ်ရေမရ ထင်ကြေး ဇာတ်လမ်းတွေ လုပ်ကြံထုတ်လွှင့်နေတာကို ယခု ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးကျော်ဆန်းရဲ့ သတင်းက သက်သေပြလို့နေပါတယ်။ ဒီလိုပဲ အတိတ်ကာလက လုပ်ကြံသတင်းတွေနဲ့ ပြည်သူကို လှည့်စားလိုက်၊ နိုင်ငံတော်အစိုးရနဲ့ ပြည်သူကို ရန်တိုက်ပေးလိုက်၊ တိုင်းရင်း သားတွေ အချင်းချင်းကြား သွေးခွဲသပ်လျှို ၀ါဒဖြန့်လိုက်၊ အစိုးရ ၀န်ထမ်းများကြား ထင်ယောင်ထင်မှား သတင်းများ ထုတ်လွှင့်လိုက်နဲ့ လုပ်ကြံသတင်းတွေနဲ့ တိုင်းပြည်ကို ဖျက်နေတဲ့ မုသားလက်နက်ကိုင် ပြည်ဖျက် သမားတွေပဲ ဖြစ်ပါတယ်။ သူတို့ ပြောသမျှ သူတို့နှပ်ကြောင်း ပေးသမျှ ယုံမှတ်လို့ လိုက်လုပ်ကြ ပြောကြဆိုကြ အထင်အမြင်တွေ လွဲကြမယ်ဆိုရင် ဒေ၀ဒတ်ကို ဆရာတင်တဲ့ အဇာတသတ် ထက်ပင် ပိုပြီး ဒုက္ခတွေ့ ဖို့သာ ရှိမှာ ဖြစ်ပါတယ်။"

"ယခုလို နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို သက်ဆိုင်ရာ ဌာန အသီးသီးမှာရှိတဲ့ တာဝန်ရှိ ပုဂ္ဂိုလ်များက အားသွန်ခွန်စိုက် ကြိုးပမ်း နေချိန်မှာ ပြည်ပနိုင်ငံများရဲ့ အထောက်အပံ့နဲ့ အင်တာနက်မှာ ဝက်ဘ်ဆိုက်တွေ တင်ပြီး မြန်မာပြည်အတွက် အကျိုးမရှိတဲ့ ကောလဟာလ သတင်းတွေကို အခြေအမြစ်မရှိ၊ တိကျသေချာမှု မရှိဘဲနဲ့ စိတ်မှန်းနဲ့ ပြောဆိုနေမှုများဟာ ကိုယ့်တန်ဖိုးကို ကိုယ့်ဘာသာ ဖော်ပြနေတာသာ ဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ယခုလက်ရှိ အချိန်ဟာ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှုများကို ယခင်က လုံးဝဆန့်ကျင်ခဲ့တဲ့ နိုင်ငံများကတောင် အားပေး ထောက်ခံနေတဲ့ အချိန် ဖြစ်ပါတယ်။ ဒီလို အချိန်မျိုးမှာ မြန်မာနိုင်ငံ အတွက်လည်း အကျိုးကျေးဇူး မရှိ၊ မြန်မာပြည်သူများ အတွက်လည်း အကျိုးကျေးဇူးမရှိဘဲ ရေရာသေချာမှု မရှိတဲ့ သတင်းတွေကိုတင်၊ မိမိတို့ စားဝတ်နေရေး ဖူလုံရင်ပြီးရော ဆိုတဲ့စိတ်နဲ့ မှန်တာမမှန်တာ ဝေဖန် သုံးသပ်မှု မရှိဘဲ ပြောချင်တာပြော နေကြတဲ့ သူများကို ကိုယ့်မျက်ချေးကိုယ် ပြန်မြင်အောင် ကြည့်ကြပါအုံးလို့ ပြောလိုက်ပါရစေ။" ရေးသား ဖော်ပြထားတာ တွေ့ရပါတယ်။

အတိုက်အခံ သတင်းလွှင့်သူများအနေနဲ့ သမှားတွေ ထုတ်လွှင့်မှု ကြောင့် လူထု က စိတ်ပျက်နေကြပြီး ဘီဘီစီ သတင်းနဲ့ လူထုကြား ဖြစ်နေတဲ့ ပဠိပက္ခအပါအဝင် အမျိုးသားရေးအတွက် အရေးပါတဲ့ တခြားသတင်းတွေကို ထိန်ချန်ထားခြင်းတွေကြောင့် လူထုက တင်းမာနေကြောင်း သိရပါတယ်။


(http://myanmarexpress.blogspot.com မှကူးယူဖော်ပြသည်။)